♥ Seng Nor Aung ♥ JESUS ♥ Country Songs
အောက်တိုဘာ ၂၂ ရက်နေ့ : ဓမ္မတေးသံစုံပြိုင်ပွဲ

အောက်တိုဘာ ၂၂ ရက်နေ့ စနေနေ့

ဒီနေ့ကတော့ ဘ၀ရဲ့အမှတ်တရနေ့များစွာထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကေဘီစီက ကျင်းပတဲ့ ဓမ္မတေးသံစုံ သီဆိုယှဉ်ပြိုင်ပွဲမှာ အန်ဂျေကေ လူငယ်တွေနဲ့ အတူတကွ ပါဝင်သီဆို ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ပြိုင်ပွဲမှာ ပထမဆုဆွတ်ခူးခဲ့ကြပါတယ်။ ပထမ ရ ရမယ်လို့တော့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမဲ့ ရတော့လည်း ထိုက်တန်တယ်လို့ ထင်မိပါတယ်။ ဒီပြိုင်ပွဲအတွက် တစ်လလုံး အဲဒီသီချင်းတစ်ပုဒ်တည်းကို အလွတ်ရပြီး ဖန်တရာတေတဲ့ အထိ ကျက်ခဲ့ကြရတယ်။ တော်တော်ကြိုးစားထားခဲ့ကြတာမို့ ဆုမရ ခဲ့ဘူးဆိုရင်တောင် ပျော်မှာပါပဲ။ ဆုရတော့ ပိုပျော်တာပေါ့။

အဲဒီနေ့က အားလုံးပန်းနုရောင် ၀တ်စုံဆင်တူဝတ်ပြီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ တိုက်ဆိုင်တာပဲလား ဘာလားတော့မသိဘူး။ ရလာတဲ့ ဆုဘူးကြီးကလည်း ပန်းနုရောင်ပေပါ နဲ့ ထုပ်ပိုးထားပါရဲ့။ အဲဒီတစ်နေ့လုံး မြင်လေရာ မှာ အပန်းတွေဖြစ်နေပါတယ်။

25th August 9:00 2011 - YOU TUBE IS ACCESSED!

ဒီနေ့ တွစ်တာသုံးနေရင်းနဲ့ (sengnoraung) လေဒီဂါးဂါးကို follow လုပ်ပြီး သူပေးထားတဲ့ YOU and I LINK ကို ကလစ်လိုက်တော့ မထင်မှတ်စွာဘဲ ယူကျုဘ်ထဲ ရောက်သွားတော့ အံ့သြနေသေးတယ်။ ယူကျု က ပိတ်ထားတာပါ ဘယ်လိုလုပ်ပွင့်နေတာလဲဆိုပြီး သေချာအောင် ဂူဂဲလ်ကနေတစ်ဆင့်ပြန်ဝင်ကြည့်တော့ ယူကျုက ပွင့်နေတယ်။ အဲဒါဆို ယူကျုနဲ့တွဲရက် ဘလော့ဂါ လည်းဝင်မယ်ဆိုတော့ ဘလောဂါ လည်းပွင့်နေပြန်ရော။

ခေတ်တွေ စနစ်တွေလည်း ပြောင်းလာပြီဆိုတော့ ဖွင့်စရာရှိတာလေးတွေ ပွင့်လာပြီနဲ့တူပါတယ်။

www.youtube.com/sengnoraung

တနင်္ဂနွေ နေ့ ညနေကစပြီး သီတာ လူငယ်တွေအားလုံး (အားလုံးနီးပါးပေါ့) စုဝေးပြီး ရပ်ကွက်လှည့်ဆုတောင်းကြတယ်။ လူငယ်တွေ အဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့ပေါ့။ ညနေခြောက်နာရီခွဲဆိုတာနဲ့ အားလုံးဘုရားကျောင်းမှာစု သီချင်းတွေ လေ့ကျင့်ကြပြီး လူစုခွဲပြီး တစ်အိမ်တက် တစ်အိမ်ဆင်း ဆုတောင်းပေးကြတယ်။ အိမ်ရှင်တွေကတော့ အကြောင်းမကြား ခရစ္စမတ်လည်း မဟုတ်ဘဲနဲ့ လူငယ်တွေ အုံး ခနဲ ရောက်လာတော့ ဘယ်လိုနေကြမလဲမသိဘူး။ :)

ပျော်ဖို့တော့ကောင်းပါတယ်။ ပထမနေ့ကတော့ သင်းအုပ်ဆရာ ပါလာတော့ ဆုတွေဘာတွေ တောင်းတာ အဆင်ပြေတယ်။ အဲ ဒုတိယနေ့ကတော့ လူငယ်တွေ ကဂျိုးကချောင်ပဲ။ :P ငါတော့ ဂစ်တာကိုင်ထားလို့လွတ်သွားတယ်။ လူရှေ့သူရှေ့မှာ ဘာလို့ အဲလောက်တောင် ဆုမတောင်းတတ်လဲမသိပါဘူး။ ငါကိုယ်တိုင်လဲမသိဘူး။ လူရှေ့ရောက်ရင် ချွေးတွေပျံပြီး ဘာလုပ်ရမှန်းမသိဘူး။ ကချင်လို ဆုတောင်းရမှာ ပိုကြောက်တယ်။ ကိုယ့်ဟာကိုယ် စိတ်ညစ်တဲ့ အခါအခန်းထဲမှာ အောင်းပြီးဆုတောင်းရင်တော့ ထွက်လာပါတယ်။ လူရှေ့ရောက်ရင် လူတွေကို အာရုံစိုက်လွန်းပြီးတော့ ဘုရားကို အာရုံပြုလို့မရတော့ဘူး။ :/

ဘာပဲဖြစ်ဖြစ် အခုလို ဘုရားကျောင်းက လူငယ်တွေကို တစုတဝေးတည်းတွေ့ရတာ အားတက်စရာပဲ။ တချို့မိသားစုတွေဆို လူငယ်အဖွဲ့မှာ ယောကျာ်းလေးတွေများနေလို့ အံ့သြနေကြတယ်။ အဲ ခြောက်နာရီထိုးနေပြီ။ ဒီနေ့လည်း သွားရဦးမယ်။ ရပ်ကွက်စေ့အောင်သွားရမှာမို့လို့ သွားပြီ။

အခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေအများကြီးပဲ။ ငါ့စိတ်နဲ့ငါ့ကိုယ်လွန်ဆွဲခဲ့ရတယ်။ စိတ်ဓါတ်ကျလွယ်တာတွေ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရတဲ့စိတ်တွေ အားလုံးကို အဆင်ပြေအောင်ညှိနှိုင်းနေရတယ်။ အသက်ဆယ့်ကိုးနှစ်မှာ ငါ့လို ခံစားနေရတဲ့ လူငယ်တွေ ဘယ်နှစ်ယောက်လောက်ရှိမလဲမသိဘူး။ ကျောင်းမှာလည်း အဆင်ပြေအောင် နေဖို့ခက်တယ်။ ကိုယ့်ကိုယ်ကို ရှာဖွေနေရင်း အချိန်တွေကုန်သွားတယ်။ တခါတလေကျတော့ လည်း ပေါက်ကွဲပစ်လိုက်ချင်တယ်။ ဖြစ်သလိုနေရတာကို စိတ်ကုန်နေပေမဲ့ အဲလိုပဲ စိတ်ကုန်ခြင်းကို လည်း စိတ်ကုန်နေတတ်တယ်။ ဒါပေမဲ့ ဒါတွေ အားလုံး တဖြည်းဖြည်း အဆင်ပြေလာပါတယ်။

တကယ်လို့ တစုံတစ်ယောက်များ စိတ်ဓါတ်ကျတယ်လို့ခံစားလာရရင် ကောင်းကောင်းစား ကောင်းကောင်းအိပ် ဆုတောင်းပြီး အနားယူ ၊ တစ်ယောက်တည်းမနေပဲနဲ့ သူငယ်ချင်းတွေနဲ့နေရင် ဘာပဲဖြစ်ဖြစ်နေလို့ကောင်းပါတယ်။ အသင်းတွေ ဘာတွေမှာလည်း ပါဝင်သင့်တယ်။ မဟုတ်ရင် ကြောင်သွားလိမ့်မယ်။ :)

THIS TOO WILL PASS
ဖေမြင့် ရဲ့ စာအုပ်တစ်အုပ်ထဲက အကြိုက်ဆုံးစာသားလေး
NJK CHOIR RETREAT - 20th August 2011

မနေ့က အစမ်းစာမေးပွဲပြီးသွားတယ်ပေါ့ ။ အဲဒီတော့ သူငယ်ချင်းတွေ စုပြီး အားလုံးပျော်ပျော်ပါးပါး သရီးဒီသွားကြည့်ကြမယ်ပေါ့။ ကိုယ့်အတွေးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ။ အဲ တကယ်တော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး ။ ပျော်ပျော်ပါးပါးတော့ ပျော်ပျော်ပါးပါးပေါ့။

မနေ့က NJK ဘုရားကျောင်းက ကွာယာ လူငယ်အဖွဲ့တွေ နဲ့အတူ စီတာပူ နှစ်ခြင်းဘုရားကျောင်းမှာ CHOIR RETREAT လူငယ်အားသစ်လောင်းခြင်း အစီအစဉ်မှာပါဝင်ခဲ့ပါတယ်။

RETREAT ဆိုတာ အားသစ်လောင်းခြင်းပေါ့။ အဲဒီစကားလုံးက စစ်သားတွေ စစ်တိုက်လို့ ပန်းတဲ့အခါမှာ ပြန်လည်အားသစ်လောင်းခြင်းကနေ အစပြုခဲ့တယ်တဲ့။

အင်ဂျန့်ကောင် ကွာယာအဖွဲ့မှာက လူငယ်ကွာယာ အဖွဲ့နဲ့ ဂျူနီယာ ကလေး ကွာယာအဖွဲ့ဆိုပြီး ရှိတယ်။ လူငယ်တွေက ဘာဖြစ်တာလဲမသိပါဘူး။ အဲဒီနေ့က သိပ်မလာကြဘူး။ ခုနှစ်နာရီ အစောကြီး ခေါ်ထားလို့ပဲလားတော့မသိဘူး။ တကယ်သွားဖြစ်တာက မနက်ရှစ်နာရီလောက်မှပါ။ ဘုရားကျောင်းက ပြင်ဆင်ပေးထားတဲ့ ခေါက်ဆွဲနှစ်ပွဲစားပြီးမှ အေးဆေးသွားကြတာပေါ့။

စီတာပူဘုရားကျောင်းရောက်တော့ အဲဒီက ဆရာ ဆရာမတွေက ကီးဘုတ်တွေ မိုက်တွေ အသင့်ပြင်ပေးထားပါတယ်။ ဆရာမကြီးတစ်ယောက်ကတော့ ငါတို့ကို ဘုရားသခင်ကို သံပြိုင်ချီ်းမွမ်းခြင်းဟာ ဘယ်လောက်အရေးပါကြောင်း၊ ဘုရားသခင်ဟာ ချီးမွမ်းခြင်းကို ဘယ်လောက်နှစ်သက်ကြောင်း အဲဒါကြောင့် ချီးမွမ်းခြင်းမှာ စိတ်ပါလက်ပါ ပါဝင်ကြရမယ်ဆိုတာကို ကျမ်းစာထဲက ဥပမာလေးတစ်ခုနဲ့ ပြောပြသွားပါတယ်။ ဒါဝိဒ် မင်းကြီး စစ်ပွဲ အောင်နိုင်ပြီးပြန်လာတော့ အရူးတစ်ယောက်လို ဘုရားကို ချီးမွမ်းကခုန်တာကို သူ့အမျိုးသမီးက ငြူစူပါတယ်။ အဲဒီတော့ ဘုရားသခင်က အမျိုးသမီးကို အမျက်သင့်ပါတယ်တဲ့။

ပြီးတော့ ဆရာမကြီးက သီချင်းဆိုတဲ့ အခါ ဘယ်လို အကြောလျှော့ရမယ် ဘယ်လို မုဒ်သွင်းရမယ် အဲဒါတွေကိုပြောပြသွားတယ်။ သီချင်းတစ်ပုဒ်ကို ဆိုတဲ့အခါမှာ အထပ်ထပ် အလွတ်ရပြီး အီသွားအောင်ဆိုရမယ်တဲ့။ အဲဒီလိုကြာကြာဆိုတဲ့အခါမှ သီချင်းရဲ့ နုတ်စ်အပေါ်ကို အာရုံမရောက်မိတော့ဘဲ သီချင်းရဲ့ ခံစားမှုကို မုဒ်ဝင်လာမယ်တဲ့။ ပြီးတော့ သီချင်းမဆိုခင် စာသားကိုပြီးအောင်ဖတ်ပြီးမှ ဘယ်လိုဆိုရမယ်ဆိုတာကို မုဒ်သွင်းရမယ်တဲ့။ ပညာတွေ တော်တော်ရလိုက်ပါတယ်။ မဟုတ်ရင် နုတ်စ် စာရွက်ကြီးတကားကားနဲ့ မှားပြီးရင်း မှားနေမှာလေ။ :)

အဲဒါပြီးတာနဲ့ ငါတို့အားလုံး စီတာပူက စန္ဒယားတီးတဲ့ဆရာမရဲ့ ဦးဆောင်မှုနဲ့ သီချင်းတွေ တစ်ဝကြီးဆိုကြတယ်။ နေ့လည်ကျတော့ နေ့လည်စာ တ၀ကြီးတုတ်ပြီး ပြန်ဆိုကြပြန်ရော။ မောတော့မောတာပေါ့။ ဒါပေမဲ့မမောပါဘူး။ ဆရာ မရစ်နော်ဆန့်ရေးထားတဲ့သီချင်းတစ်ပုဒ်လည်းပါတယ်။ ဆရာ့ကိုတောင်မတွေ့တာကြာပြီ။ ဘယ်လိုနေလဲမသိပါဘူး။ သိရင်ပြောပြနော်။ :)

ညနေပြန်လာတော့ အားလုံးပင်ပန်းနေပြီ။ အိမ်ရောက်တာနဲ့ အိပ်တာပဲ။ သရီးဒီကြည့်မဲ့ ငါ့သူငယ်ချင်းတွေတော့ စိတ်တိုနေကြရော့မယ်။ ဒါပေမဲ့ အားလုံး အဆင်ပြေတဲ့နေ့ထပ်ချိန်းကြတာပေါ့ကွယ်။

မနေ့က ဘုရားကျောင်း က လူငယ် အစီအစဉ် မှာ ကြားခဲ့ရတဲ့ ခွန်အားပေးချက်လေးကို ပြန်လည်တင်ပြချင်ပါတယ်။

ဘာပြောသွားလဲဆိုတော့ ရိုးရိုးလေးပါပဲ ။ သူကြည့်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် အပေါ်မှာ သူခံစားရသမျှလေးကို ဝေငှသွားတာပါ။

အဲဒီဇာတ်လမ်းလေးရဲ့နာမည်က “SAVING PRIVATE RYAN” ရိုင်ယန်ကို ကယ်တင်ခြင်း ဆိုတဲ့ ဇာတ်ကားလေးပါ ။

အဲဒီ ဇာတ်ကားထဲမှာ ဗိုလ်ချုပ်ကြီး တစ်ဦးနဲ့ ရဲဘော် ခုနှစ်ယောက်တို့က ရိုင်ယန်ဆိုတဲ့ကောင်လေးကို စစ်ပွဲထဲကနေ ကယ်တင်ကြပုံကို ရိုက်ကူးထားပါတယ်တဲ့။ ရိုင်ယန်ကို ကယ်တင်ရင်းနဲ့ သူတို့အားလုံး ကျဆုံးသွားကြတယ်။ နောက်ဆုံး ကက်ပ်တိန် မကျခင် ရိုင်ယန့်ကိုမှာခဲ့တဲ့ စကားလုံးလေးကတော့ ဟတ်ထိသွားပါတယ် ။ စာလုံးလေးက နှစ်လုံးထဲ ရိုးရိုးလေးပါ။

“EARN IT” တဲ့။

ကိုယ်နဲ့ထိုက်တန်လို့ရတဲ့ အရာတခုကို ရယူခြင်း လို့ ဆိုပါတယ်။ 

ငါတို့တွေ မင်းအတွက်ပေးဆပ်ခဲ့တဲ့ အသက်ဟာ မင်းနဲ့ထိုက်တန်ပါတယ်။ မင်းကလည်း ငါတို့ပေးခဲ့တဲ့ အသက်တွေနဲ့ ထိုက်တန်အောင် အသက်ရှင်နေထိုင်ပါ။

ဒီလိုပါပဲတဲ့။ သခင်ယေရှုကလည်း လူတွေကို သူ့ရဲ့အသက်တွေပေးပြီး ရွေးဝယ်ခဲ့ပါတယ်။ ငါတို့တွေကရော သူပေးခဲ့တဲ့ အသက်နဲ့ တန်အောင် ရှင်သန်နေထိုင်ပါရဲ့လားဆိုတဲ့ မေးခွန်းလေးနဲ့ အဆုံးသတ်သွားပါတယ်။

အားလုံး ကို ဘုရားရှင်ကောင်းချီးပေးပါစေ။

13-20 APRIL 2011 

NJK RAMMA CAMP

နောင်နန်းကို ငါတို့ အင်ဂျန်းကောင်လူငယ်တွေ နွေရာသီလူငယ်သင်တန်း ထွက်ကြမယ်ဆိုတော့ ငါအရမ်းကို တက်ကြွနေပြီ။ ဆယ့်သုံးရက်နေ့ ငါတို့လူငယ်တွေ အားလုံး သီတာ ဘုရားကျောင်းမှာ စုကြပြီးတော့ တုံဖုံး ကားစုတ်ကြီးပေါ် ရှိသမျှ အထုပ်တွေ အထမ်းတွေတင် ပြီးရင် လူငယ်တွေ အားလုံး အထုပ်တွေကို ဖင်ခုပြီး ကြပ်ညှပ်သပ် နေအောင် လိုက်ခဲ့ကြရတာ။ ပျော်စရာကြီး။

အဲ၊ တစ်ခုရှိတာက လူငယ်တွေကို ကြည့်လိုက်တော့ အများအားဖြင့် ဆယ်တန်း ဖြေပြီးကာစ နုနုထွတ်ထွတ် လွတ်လွတ်ကျွတ်ကျွတ်တွေကို မြင်လိုက်ရတော့ ကိုယ့်ကိုယ်ကိုယ် အားငယ်သွားမိတာ အမှန်ပဲ။

တဖြည်းဖြည်းနဲ့တော့ သူငယ်ချင်းတွေ ရလာတာပေါ့။ ဂိမ်းတွေကစားကြရင်း ပြိုင်ပွဲတွေပြိုင်ကြရင်း အားလုံးနဲ့ ခင်မင်ခွင့်ရခဲ့ပါတယ်။ သင်တန်းမှာ ကချင်လူမျိုးတွေရဲ့ ဆွေမျိုးစပ်နည်းကို သင်ပေးတော့ အားလုံးဟာ ညီအစ်ကို မောင်နှမတွေပဲဖြစ်နေပါလေရဲ့။ အဲဒီနွေးထွေးမှုကတော့ ဘာနဲ့မှမတူဘူး။

သင်တန်းမှာ ခြောက်နပ်တိတိ အီနေအောင်လွေးခဲ့ရတဲ့ ၀က်သားဟင်းကိုတော့ အမြဲတမ်းသတိရနေတော့မှာပဲ။ အဲဒီဝက်ကလည်း တကယ့်ကို မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်လိုပဲ။ ဘယ်လောက်စားစားကုန်တယ်ဆိုတာမရှိဘူး။ သင်တန်းနောက်ဆုံးနေ့ ညစာ အထိ အဲဒီဝက်ကို စားခဲ့ရတယ်။ တစ်မနက်ဆို ၀က်သားခေါက်ဆွဲကျွေးတာ ကမ္ဘာပေါ်မှာ တစ်ခါမှ ၀က်သားဖတ်တွေ အဲလောက် များများ မမြင်ဖူးဘူး။ တကယ့်ကို ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို လှိုက်လှိုက်လဲလဲ ချီးမွမ်းမိပါရဲ့။

နောက်ဆုံးနေ့ နှစ်ဆယ်ရက်နေ့ကျတော့ အားလုံး အူဒန် ဘွမ် (လက်ဝါးကပ်တိုင်တောင်) ကို ချီတက်ခဲ့ကြတယ်။ ဖြတ်လမ်းတွေတက်ရတိုင်း တစ်ယောက်လက်ကို တစ်ယောက်ဆွဲရင်း တစ်ယောက်ကိုတစ်ယောက် ဖေးမအားပေးရင်းနဲ့ တောင်ထိပ်ထိရောက်အောင် ငါတို့အားလုံးတက်ခဲ့ကြသလို တောင်ဆင်းတော့လည်း အားလုံး ပီတိဖြစ်ရတယ်။ အော် … ငါတို့ ဒီလောက်အဝေးကြီးကိုတောင် တက်ခဲ့ပြီးပါရောလား ဆိုပြီးပေါ့။ အဲဒီခံစားချက်ကိုလည်း မေ့လို့မရဘူး။ လူ့ဘ၀ဆိုတာ တောင်တက်ခရီးတစ်ခုလိုပဲ။ တက်လိုက် ဆင်းလိုက် နားလိုက် နဲ့။ တကယ်တော့ တောင်ထိပ်ပေါ်ကို ဘယ်သူ အရင်ရောက်တယ်ဆိုတာက အဓိက မကျပါဘူး။ အားလုံး တောင်ထိပ်ပေါ်ရောက်ဖို့ပဲလိုတယ်။ အားလုံးညီညီညာညာ လှမ်းသွားကြရင် အရမ်းပျော်စရာကောင်းမှာပဲနော်။

ဒီနေ့နှစ်ဆယ့်တစ်ရက်နေ့ သင်တန်းကနေပြန်လာခဲ့ရတော့ သူငယ်ချင်းတွေနဲ့ မခွဲချင်သေးဘူး။ အိုးမည်းတွေ လိုက်သုတ်ရင်း နှုတ်ဆက်ခဲ့ရတာလည်း ပျော်လည်းပျော်တယ်။ ၀မ်းလည်းနည်းတယ်။ ကားခေါင်မိုးပေါ်ကလိုက်စီးရတဲ့ ခံစားချက်ကိုတော့ မမေ့နိုင်တော့ဘူး။

ဆယ့်ရှစ်နှစ်ဆိုတာ ခဏလေးပဲ ။ ဘာလိုလိုနဲ့ ဆယ့်ကိုးနှစ်ဖြစ်လာပြန်ပြီ ။
အသက်ကြီးပေမဲ့ မပျက်စီးသေးပါလားနော်။
:)
ကဲ အခု ဆယ့်ကိုးနှစ်ကနေစပြီး နောင်နှစ်ပေါင်းများစွာ တိုင် ပျော်ရွှင်စွာ နေထိုင်သွားရပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ပေးတဲ့ဆုနဲ့ပြည့်ပါစေ
ယေရှုနာမဖြင့်
အာမင်

guess what kind of Asian i am ^_~

maybe you’re PH? :) or Malay … YOU LOOK LIKE MYANMAR TOO :)

ဒီနှစ်တော့ လူငယ်စခန်းကို နောင်နန်း သွားကြမယ်။

မနှစ်ကပြင်ဦးလွင် သွားခဲ့တာ။ ရောက်စကဆို စိတ်ညစ်တာပဲသိတယ်။ ပြင်ဦးလွင်ရဲ့ ရာသီဥတုက တစ်မျိုးကြီး။ လေစိမ်းတွေက တ၀ူးဝူးနဲ့။ ဖျားချင်ချင်ဖြစ်သွားတယ်။ ပြီးတော့ တလမ်းလုံး ရထားတတန် ကားတတန် နဲ့ဆိုတော့ လူက ယိမ်းထိုးနေပြီ။

အခုပြန်တွေးတော့ တကယ်ရယ်စရာကောင်းတယ်။ အပြန်မှာဖြစ်တာပါ။ ရထားပေါ်မှာ။ တော်သေးတာပေါ့။ မန်းလေး ကချင် ဘုရားကျောင်းတုံးက ၀ယ်ခဲ့တဲ့ စာအုပ်လေး ကယ်ပေလို့။ စာအုပ်လေးက ပါးပါးလေးပါ။ ဒါပေမဲ့ ဘုရားမလို့ အဲဒီစာအုပ်လေးသာ မပါခဲ့ရင် ငါ ရထားပေါ်က အိမ်သာထဲမှာ ပြသနာတက်မှာ သေချာတယ်။ ကိစ္စပြီးလို့ ရေလောင်းမယ်လုပ်တော့ ရထားအိမ်သာထဲမှာ ရေမရှိဘူးလေ။ အဲလောက်ဆို သဘောပေါက်ရောပေါ့။ ကျေးဇူးပဲ အဲဒီစာအုပ်လေးရေ။ :P

အမှတ်တရတွေကတော့အများကြီးပါပဲ။ ပြင်ဦးလွင်က အေးချမ်းပြီး သာယာတယ်။ မသဲဘုရားကျောင်းက ဆရာမ နဲ့ အဲဒီက သူငယ်ချင်းတွေအားလုံးကို အမြဲသတိရနေပါတယ်။ လူငယ်ဘ၀ရဲ့ အမှတ်တရ ပျော်စရာအချိန်လေးတွေ အားလုံးအတွက် အားလုံးကို ကျေးဇူးပါ။

ပြင်ဦးလွင် လူငယ်အယောက်စီတိုင်းကို ဘုရားရှင်ကောင်းချီးပေးပါစေ။ ပြီးတော့ သူငယ်ချင်းတွေအားလုံးကို တောင်းပန်ချင်တာက ငါ့ကို မာနကြီးတယ် ၊ သိပ်မခင်တတ်ဘူးလို့ သူငယ်ချင်းတို့ ထင်ချင်ထင်ကြလိမ့်မယ်။ ငါက နဂိုကတည်းက အဲလိုမျိုးမို့လို့ပါ။ အခုတော့ ကြိုးစားပြီး လူတိုင်းကိုခင်ခင်မင်မင်ပေါင်းတတ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ရထားစီးပြီးသွားရမယ့် အလုပ်ကိုတော့ ငါနည်းနည်းကြောက်နေတုံးပဲ။ :) ဒါပေမဲ့ ပြင်ဦးလွင်က သူငယ်ချင်းတို့က အရမ်းကို စိတ်သဘောထားပြည့်ဝပြီး ပျော်ပျော်နေတတ်ကြတယ်။ ငါ့မှာ ရထားပေါ်က ဒုက္ခတွေအားလုံးကို မေ့သွားတော့တာပဲ။ ငါတို့ အင်ဂျန့်ကောင်လူငယ်တွေရဲ့ မပြည့်စုံမှုတွေကို ကြိုးစားသည်းခံခဲ့ကြတာ အထူး ကျေးဇူးတင်ပါတယ်။

အထူးသဖြင့် မနက်တိုင်း စောစောထပြီး လုပ်ရတဲ့ မြို့ပတ် လေ့ကျင့်ခန်းလေးနဲ့ ပြင်ဦးလွင်ရဲ့ နေထွက်ချိန်လေးတွေရယ်၊ ပြီးတော့ အစိမ်းရောင်ယူနီဖောင်းလေးတွေဝတ်ထားတဲ့ မြောက်ကြွမြောက်ကြွ ဗိုလ်လောင်းတွေရယ်။ ပြီးတော့ ခရမ်းရောင် ဘာမှန်းမသိတဲ့ ပန်းတွေရယ် ၊ (ခွေးသေးပန်ေးတာ့မဟုတ်ဘူး၊ သူက အပင်အကြီးကြီး) ဈေးကြီးလွန်းတဲ့ အင်တာနက်ဆိုင်တွေရယ်၊ Talent Show မှာ အပီကြဲသွားတဲ့ လူငယ်တွေရယ် ၊ အားလုံးကို အမြဲတမ်း သတိရပြီး ကျေးဇူးတင်နေမှာပါ။

ဒီနှစ်လည်း နောင်နန်းလူငယ်စခန်းမှာ ဘယ်လိုတွေဖြစ်ဦးမလဲမသိဘူး။ အဲဒီ မသိရတာကိုပဲ တွေးရင်းသဘောကျတာ။ :)

Hey How you Doing?
Anonymous

I’m doing Great ! My projects are all sold out and now I got a new mp4 :) with a nice recording

thank you for following me ^_^

what about you? A Student ? :) You look like asian :)

အင်း ဒီသင်္ကြန် ကျောင်းပိတ်ရက် ဘာတွေလုပ်ရင်ကောင်းမလဲ။ ပထမဆုံး သူငယ်ချင်းတွေ အပ်ထားတဲ့ အင်္ဂလိပ်စာ ပရောဂျက်တွေကို ဒီတစ်ပါတ် အပြီးသတ်ရမယ်။ ပိုက်ဆံတွေတော့ ကြိုတောင်းပြီးသွားပြီ။ လှုပ်ရှားလိုက်ဦးမယ်။

နေ့လယ်ခင်းတွေအားရင်တော့ crafts လေးတွေလုပ်ရမယ်။

အခုတလော နားထောင်ဖြစ်တာကတော့ သီချင်းဆိုသံမပါတဲ့ ပီယာနို ဆိုလို သံစဉ်လေးတွေပဲ နားထောင်ဖြစ်တယ်။ ပါးစပ်သံကြားရင် နားညည်းလို့။ အဲဒါပဲ အေးတယ်။

ဗုဒ္ဒဟူးနေ့ကပြီးသွားတဲ့ နည်းပညာကျောင်း နွေရာသီ ဘောလုံးပြိုင်ပွဲမှာ ငါတို့ စီဗယ် အသင်း ရဲ့ ကိုကို အက်ဖ်စီ က တတိယဗိုလ် ဖြစ်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ကျေနပ်ပါတယ်။ ဘောလုံး သမား အားလုံး အကောင်းဆုံး ကစားသွားခဲ့ကြတယ်။ ငါလည်း အကောင်းဆုံး အားပေးခဲ့တာပါ။ 

အခုလောလောဆယ် GONE WITH THE WIND ၀တ္ထုကြီးကို ဖတ်ဖို့ကြိုးစားနေတယ်။ အင်္ဂလိပ်လိုရေးထားတော့ သိပ်တော့မဖတ်တတ်ဘူး။ စာမျက်နှာ နှစ်ဆယ်ပဲရှိသေးတယ်။ ပထမပိုင်း စာအုပ်မှာတင် စာမျက်နှာ ခြောက်ရာကျော်ရှိတာ။ ဟူးမလွယ်ဘူး။

ဖတ်ပြီးသလောက် မှတ်မိတာကတော့ စကားလက် အိုဟာရာ ဆိုတဲ့ကောင်မလေးရယ်၊ ညီအစ်ကို နှစ်ယောက်ရယ်၊ အက်ရှ်လေ ဆိုတဲ့ကောင်လေး တစ်ယောက်ရယ် ၊ ပြီးတော့ နီဂရိုးဆိုတဲ့ စကားလုံးကို ခဏခဏသုံးထားတယ်။

နောက်တစ်ပါတ်ကျရင် နွေရာသီလူငယ်စခန်းဝင်တော့မယ်။ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်ရဦးမယ်။